ReadMe!
သူ … သူကဒီလို ပြောထားတယ်
Lan-Ø-Lay was started as a lame hobbyist website in April 1998. The major purpose for developing this tiny burmese poetry site is to rehash my stressful mind when I feel so down and miserable.
အဲသလိုနဲ့ လမ်းအိုလေးကို သူစလျှောက်ခဲ့တယ် ။ ၁၉၉၈ တဲ့။ အခုဆို လမ်းအိုလေးဟာ ဆယ်စုနှစ် တစ်ခုစာ ရှည်ကြာခဲ့ပြီ ။ ဒီ (၁၀)နှစ်မှာ သူနဲ့ ကျွန်တော် အများကြီး အတူတူ ဖြတ်သန်းခဲ့ကြတယ်။ အများကြီးမှ တကယ့် အများကြီး။ လမ်းအိုလေးဆိုပြီး သူလုပ်တယ်။ သူ့ကို ကျွန်တော်က ဒီလို ခဏခဏ ပြောခဲ့ဖူးတယ်။
အလကား မော်ဒန်တွေ … ဒါတွေ လုပ်နေလို့ အကျိုးမရှိဘူး။ အချိန်ပဲကုန်တယ် …
ဟုတ်တယ်၊ ကျွန်တော် တစ်ချို့သော မော်ဒန် (အထူးသဖြင့် ပီအမ်သီအိုရီတစ်ချို့) အိုင်ဒီယာတွေကို မကြိုက်။ မှောင်လွန်းသည်။ အစွန်းရောက်အောင် တွန်းပို့ တယ်လို့ ယူဆတယ်။ တစ်ချို့ကိုလည်း နားမလည်၊ နားလည်အောင်လည်း မကြိုးစား၊ စိတ်မ၀င်စားတော့ မဖတ်။ သူကတော့ ခိုက်တယ်။ သူ့အတွက်တော့ ကစ်တယ်။ သူ … လမ်းအိုလေးကို တစိုက်မတ်မတ် လျှောက်ခဲ့တယ်။ နှစ်ပေါင်းများစွာ …
Lanolay was archiving 450 poems, 38 short stories, 8 novellas, 14 articles and 10 essays by the first month of January, 2004.
သူက အဲသလို ဆိုလာတယ်။ သူလုပ်နေတာတွေကို အားလုံးထက် နောက်ကျပြီးမှ ကျွန်တော် သတိထားမိလာတာပါ။ ကဗျာတွေ။ ဒီကဗျာတွေဟာ စာလုံးသက်သက် မဟုတ်ဘူး။ လမ်းအိုလေးကို သူအသက်သွင်းထားတယ်။ သူရဲ့ဒီဇိုင်းတွေနဲ့ ကဗျာတွေ စာတွေဟာ အသက်ဝင်နေတယ်။ ခုချိန် အင်တာနက်ပေါ်မှာ ဘယ်ဆိုဒ်မှာပဲဖြစ်ဖြစ် ကဗျာပုံတစ်ပုံ မြင်လိုက်တာနဲ့ သူ့လက်ရာမှန်း ကျွန်တော် ပြောရဲတယ်။ ခုချိန်မှာ လမ်းအိုလေးကဗျာတွေ စာတွေ အင်တာနက်ပေါ် ဟိုမှာ ဒီမှာ၊ ဟိုဆိုဒ် ဒီဆိုဒ်၊ ဟိုဘလော့ ဒီဘလော့တွေမှာ တွေ့နေရတယ်။ လမ်းအိုလေးဟာ မြန်မာအွန်လိုင်း လူတွေကြားမှာ အတော်များများ သိနေကြတယ်။ ဒီဘက်ခေတ် လူငယ်တွေ သိပ်ကံကောင်းတယ်။ နည်းပညာ တိုးတက်မှုနဲ့ အရာရာ သုံးစွဲရ သိပ်လွယ်တာပဲ။ အရင်တုန်းကဆို အင်တာနက် ပေါ်မှာ မြန်မာစာနဲ့ မြန်မာလိုရေးတဲ့ မြန်မာစာမျက်နှာ ဆိုဒ်တွေဆိုတာ လက်ချိုးရေလို့ရတယ်။ အခုဖြစ်နေတဲ့ ဘလော့ဂါဆိုတာ အသာထားဦး၊ ယူနီကုဒ်တောင် ဘယ်ချောင်ရောက်နေမှန်း မသိသေးတဲ့အချိန်၊ Personal Publishing အလွယ်တကူ ခေတ်မစားသေးတဲ့ ကာလတစ်ခု ကတည်းက လမ်းအိုလေးမှာ ကဗျာဒီဇိုင်းပုံတွေ .gif .jpg မြန်မာဖောင့်.ttf ပေါင်းစုံနဲ့ရေး static html, no usb, floppy disks, 56k dial-up … geek သူ့ရဲ့ အိပ်မက် ပရောဂျက်ကြီးပေါ့။
Currently it is archiving more than 250 burmese poems. This dream project of mine is still a hobbyist site running mainly on free web hosting accounts and utilising only free services and scripts from the web. It approached to ver 3.0b in Oct 2001
ဒီလိုနဲ့ သူ့ကို အသိအမှတ်ပြန်ပြုပေးခဲ့တယ်။ lanolay.org ကပထမ - lanolay.net ကဒုတိယ domain တွေဖြစ်လာခဲ့တယ်။ ၁နှစ် ၂နှစ်ထက် ပိုမခံခဲ့ဘူး။ ဒါကလဲ ကျွန်တော်တို့ရဲ့ lifestyle နဲ့ပိုဆိုင်လိမ့်မယ်။ အခုပြန်ကြည့်တော့ ၁၀နှစ်။ YoYo သူရော ကျွန်တော်ရော သုံးခဲ့ကြတဲ့ ကျောင်းက unix server ကနေ လမ်းအိုလေးကို လျှောက်ခဲ့တာ ဆယ်စုနှစ်တစ်ခု။ လျှောက်လျှောက် မလျှောက်လျှောက် အခုတော့ ရောက်နေပြီ။ ၁၉၉၈ - ၂၀၀၈ စဉ်းစားလိုက်ရင် ဘ၀က ခဏလေးပါလား။
အခု သူ့ရဲ့ ၃၃ အတွက် LanOLay.com ကို လက်ဆောင်ပေးဖို့ ကျွန်တော် ရည်ရွယ်ခဲ့တယ်။ လမ်းအိုလေးဆိုဒ်ဟာ version3.0 ရောက်ခဲ့ပြီး free hosting ပေါင်းစုံမှာ ပြန့်ကျဲနေတဲ့ linkတွေ pageတွေကို ပြန်စုစည်းဖို့၊ ဆိုဒ်အသစ်နဲ့ indexing ပြန်ရှင်းဖို့ဆိုတာ ကောက်ရိုးပုံ အပ်ကျတာထက် ပိုဆိုးမယ်။ သူကိုယ်တိုင်တောင် အားလုံးကို ပြန်စု ပြန်ရှင်းနိုင်ပါ့မလား .. မထင်။ backup တွေ ပျက်သွား ပျောက်သွားတဲ့ dataတွေ၊ ကိုယ်လုပ်ခဲ့တဲ့ဆိုဒ်ကို ပြန်ဝင်ဖို့တောင် ခက်နေတယ်။ ဒီ ၁၀နှစ်တွင်းမှာ ဘယ်လောက်လုပ်ခဲ့သလဲ အတိအကျစာရင်း ရှိချင်မှ ရှိတော့မယ်။ ကဗျာ@လမ်းအိုလေးမှာ ကဗျာတွေပဲ သီးသန့်သိမ်းမယ်။
ဒီတော့ LanOLay.com ဆက်သွားချင် သွားဖို့က သူ့ကဏ္ဍ။ ကျွန်တော့်အနေနဲ့ကတော့ wordpress(mu) ကိုအသုံးပြုလေ့လာရင်းနဲ့ ဆယ်နှစ်စာ လမ်းအိုလေးကို မှတ်တမ်း ပြန်ပြုဖို့ လုပ်လိုက်တယ်။ blogs.lanolay.com sub-domain ဟာ wordpress (multi-user) အသုံးပြုထားပြီး လမ်းအိုလေးမှာ ရှိခဲ့တဲ့အတိုင်း kabyarz, literature, ourworx categories တွေကို sub-blogging ပြန်လုပ်ပြီး Index မာတိကာ ပြန်စုမယ်လို့ စိတ်ကူးထားတယ်။ ဖေဖော်ဝါရီ ၁၃မှာ လက်ဆောင်ပေးဖို့ ရည်ရွယ်ခဲ့ပေမယ့် လုပ်ရင်းရှုပ်ရင်း ဖေဖော်ဝါရီ ၂၉ကျမှ siteကို စတင်နိုင်ခဲ့တယ်။ အတတ်နိုင်ဆုံး ပြန်လည် စုစည်းနေပါတယ်။
ဒါဟာ နောက်ထပ် မြန်မာဘလော့တစ်ခု မဟုတ်ဘူး။ ပါစင်နယ်ဆိုဒ် သက်သက် မဟုတ်ဘူး။ ကွန်မြူနတီလည်း မဟုတ်ဘူး။ စာပေ အနုပညာ ပြတိုက်လည်း မဟုတ်ဘူး။ Proudly from yoyo@monash - and the very first generation of #Burmese - အမှတ်၂ထိပွင့်ခဲ့တဲ့ အရိုင်းပန်း / ဖူးရုံလေး မပွင့်ခဲ့တဲ့ အဆိပ်ပန်း - နှစ်ခါနဲ့တစ်ဝက်ရခဲ့တဲ့ ဒဏ်ရာ (ezine) - PannKabyar & Antima groups in Yahoo era - 8m - 150m - 50meg to baseportal - Dekhina Journal - etc etc နယ်လွန်တိုက်စားခြင်း(ငါး) ပြိုကွဲချိန်များ… သူရဲ့ dream project from 1998 - 2008 ဒါတွေကဟာ အမှတ်တရ လမ်းအိုလေးပါ။ လမ်းအိုလေးဆိုတာ (မော်ဒန်နှင့် မော်ဒန်လွန် အနုပညာကို ဖြစ်တည်စေခဲ့သော) ၀င်ရိုးများ ဘီးများနှင့် အစက်အပြောက်များ…. လမ်းအိုလေးကို စဖောက်ပြီး တစ်ချိန်လုံး တစ်ယောက်ထဲ လျှောက်လာခဲ့တာ … သူ
Happy 33 PT and happy 10 to LoL too! May your colorless green ideas flow looping the loops of resistance once again for ever!
Sincerely Yours,
Byte K Lay
p.s copyright or copyleft မူပိုင်ခွင့် ဘာဘာညာညာတွေ ရေးကြီးခွင်ကျယ် အငြင်းမပွားလိုဘူး။ ဒါဟာ လူငယ်တစ်ယောက်ရဲ့ ရူးသွပ်မှုပဲ ဖြစ်တယ်။ စာဖတ်သူရဲ့ စာအုပ်စင်တစ်ခုထက် မပိုဘူး။ သမိုင်းဝင်အောင် အနုပညာမြောက်ဖို့လည်းမလို ကြိုက်ဖို့က လိုရင်းကိုး။ လမ်းအိုလေး ပေါ်မှာ ငြိမ်းချမ်းစွာ လျှောက်လာခဲ့ပါ။

Leave a Reply