ငါဟာတိတ်ဆိတ်မှု

မင်းတို့ရဲ့ ဆူညံသံတွေ ခေါက်သွားတာ
ငါ အေးတိအေးစက် ကြည့်နေတယ်
အပျက်အယွင်းတွေ ပစ်စလက်ခတ် ကြဲသွားတဲ့
ဟောဒီ ချောက်ကမ်းပါးထိပ်မှာလေ
မင်းတို့ရဲ့ သံမဏိတွေ နေရောင်ထဲ တ၀င်းဝင်း
ပေပေါ်က ရှဲကနဲ ရှဲကနဲ စင်ထွက်တဲ့ မီးပွားတွေ
စာသားတွေ၊ ကုက္ကားတွေ၊ ဧရာမ ဒဏ္ဍာရီတွေ
ကန္တာရထဲက မြွေတစ်ကောင်လို
ဝမ်းဗိုက်ကို ၀က်သိုးချုပ်သွားတာ
ခွာသံတွေ၊ ရောဂါဘယတွေ၊ ရာဂတွေ
အံ့မခန်း အောင်မြင်မှု စာစုတွေ။

 

မင်းတို့ လိုရာမရတော့
မင်းတို့ ဖျက်ဆီးသွားကြတယ်
စကားလုံး အပိုင်းအစတွေ
ဝဏ္ဏအကျိုးအကြေတွေ
တွန့်လိမ်ခြောက်ကပ်နေတဲ့
ဗျည်းအရိုးစ သရကွက်တွေ။

 

ကိုင်လိုက်ရင် မင်းတို့လက်တွေ
ရှဲကနဲ လောင်ကျွမ်းသွားတာ
ငါဟာ တိတ်ဆိတ်မှု
မင်းတို့ရဲ့ နှလုံးသားတွေထဲ စိုက်ဝင်နေတဲ့
အဆိပ်လူးဆူးချွန် ငါ့ဆက်သားတွေ
မမြင်ရတဲ့ အရိပ်အေးခဲတိုင်းဟာ
ငါ့ဘာသာစကား
ငါဒီမှာ အမြဲရှိတယ်
အုံနဲ့ကျင်းနဲ့ မင်းတို့ လာလာရှာနေပါ
ငါဟာ တိတ်ဆိတ်မှု။ ။

 

ဇေယျာလင်း

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>

2502 pages viewed, 14 today
930 visits, 10 today
FireStats icon Powered by FireStats