သဘာဝသမိုင်း ပြတိုက်မှူး
အပုပ်နံ့ဟာ အဆိုးဝါးဆုံးပဲ
စင်္ကြန် တစ်လျှောက်မှာ
မြူထဲမြုပ်နေတဲ့ မြို့တစ်မြို့လို
အပုပ်နံ့ပေါင်းစုံ ပျစ်နှစ်။
စင်္ကြန်အဆုံးက အခန်းထဲမှာ
သွေးပြီးသား ဓားထက်ထက်နဲ့
ပိုထက်တဲ့ စိတ်အပိုင်းနဲ့ အစိတ်စိတ်ပိုင်းဖို့
လတ်လတ်ဆတ်ဆတ်။
နွေးနွေးထွေးထွေး
အသေကောင်တွေ
(သူ့အသုံးအနှုန်းက အမှုတွဲသစ်တွေ)
ခုနကပဲ လာပို့သွားတယ်။
ဟောဒီမှာ ချင်ပန်ဇီတစ်ကောင်
ဟိုဘက်စားပွဲမှာ သောက်ရှူးကြယ်
ကြွပ်ကြွပ်အိပ်ထဲမှာ ဝေလငါးမန်း
အပြောမကောင်းတဲ့ဟာ တစ်ခုခု။
သူလုပ်မနေဘူးဆိုရင်
သဘာဝအင်ပါယာကြီးရဲ့
အရေခွံ အကြောအမျှင် အရိုးစ
သူဆက်စပ် တွဲချုပ်နေမှာပဲ။
ကျောက်ဖြစ်ရုပ်ကြွင်းငှက်ရဲ့ မျက်လုံး
ခွေးတူဝက်တူရဲ့ ခြေသည်း၊
လင်းပိုင်ရဲ့ စိတ်နေစိတ်ထား၊
သမန်းကျားရဲ့ အတိတ်သမိုင်း။
နေ့လည်စာ စားပြီးရင် ဇာမဏီရဲ့အမြင်
အာရုံကြော ခွဲစိတ်ကြည့်ရမယ်
ထမင်းစားခန်းနံရံက
သတိပေးစာ။
အ၀တ်ဘီရိုထဲက
တဒေါက်ဒေါက်ခေါက်နေတာ
ဘယ်အရိုးစုလဲ ဘာလိုချင်လဲ -
သွားမေးလိုက်စမ်း။
ဆာပြန်ပြီလား၊ TVကြည့်ချင်လား
အသွေးအသား တောင်းနေပြန်ပြီလား
သူ့တစ်သက်မှာ
ရှားပါးသတ္တ၀ါ တော်တော်များများ
မျိုးတုံးသွားကြပြီ။
မတုံးသေတာက
သူ့အတ္တ၊ ပညာမာန
သဘာဝတရား ခွဲစိတ်ပါရဂူ
မဟာအလှူဒါန။
"သိပ္ပံပညာဟာ
အရောင်းအ၀ယ် မဟုတ်ဘူး"
အရိုးတစ်စပေး
အကောင်တစ်ကောင်လုံး ထုတ်ပြမယ်
မြေအောက်ခန်းတွေမှာ
အရှင်လတ်လတ် ရှိနေသေးသလိုမျိုး။
သူ့မှတ်တမ်းစာအုပ်ထဲမှာ
ကြိုက်တဲ့အကောင်ပြော
သူလှောင်ထားတယ်
နောင်လာနောက်သားများ လေ့လာဖို့
မရှိတော့တဲ့ ‘မိုအာ’ငှက်ကြီးရဲ့
အိပ်မက်ထဲ သူ့ဝတ်ရုံနဲ့
ပျံသန်းဖို့။
မျောက်နံရိုးစွန်းမှာ
ခေတ္တ
အပန်းဖြေ၊
အိမ်ရှေံမှာ အလှဆင်ဖို့ ဠင်းတသည်းခြေ
မြှူဆွယ်လို့။ အားလုံးသတိ
ပြတိုက်မှူးကြီး ကြွလာပြီ။ ။
(ထင်ရှားသည့် အမှတ်အသား - ဇေယျာလင်း၊ နှစ်ကာလများ၊ မတ် - ၂၀၀၆)
Leave a Reply